Feb 11, 2010

သာမန် ၁၄ ရက်နေ့

သေဆုံးပြီးတဲ့ အချစ်တွေဟာ ပြန်လည် ရှင်သန်ဖို့ ခက်ခဲတာလား.။ ဒါမှ မဟုတ် ချစ်ခဲ့ဖူးတဲ့ အချစ်ကို မေ့လို့မရနိုင်တာလား.။ သေချာ ရေရာတဲ့ အဖြေကို မသိ ပေမယ့်.. ချစ်ခဲ့သူ တစ်ယောက် အကြောင်းကို တွေးမိတိုင်း ဒီရင်ဘက်ကြီးက ဘာမှန်းမသိတဲ့ ခံစားချက် တစ်ခုကို ခံစားမိနေတယ်.။ မဖြစ်နိုင်တာ သိသိကြီးနဲ့ မျှော်လင့်မိတဲ့ ကျွန်တော်ရဲ့ ရူးမိုက်မှု....။ တစ်ခါ တစ်ခါ ကိုယ့်ကိုယ်ကိုယ် ပြန်မေးရင်း အတွေးတွေနဲ့ လမ်းဆွေး နေတဲ့ ကျွန်တော်.။ ဒီလိုနဲ့ပဲ ကျွန်တော်အဖို့ ဖေဖော်ဝါရီ ၁၄ ဆိုတာ သာမန် နေ့လေး တစ်နေ့ကို ကုန်ဆုံးသွားမှာပါပဲလေ.။

Jan 22, 2010

တစ်ခါတစ်ခါ

အပြောင်းအလဲ များစွာ တွေ့ကြုံနေရတဲ့ လောကကြီးကို တစ်ခါ တစ်ခါ စိတ်ပျက် လာမိတယ်.။ မထင်မှတ်တဲ့ အဖြစ်တွေ.. မထင်မှတ်တဲ့ တွေ့ဆုံမှုတွေဟာ တည်ငြိမ်နေတဲ့ ငါ့ဘဝကို လှုပ်ခါစေခဲ့တာ...။ တစ်ခါ တစ်ခါ ကိုယ်ပြော လိုက်တဲ့ စကား တစ်ခွန်းအတွက် သူများ ရင်မှာ ခံစားမှု တစ်ခု ဖြစ်သွားစေခဲ့ သလိုပဲ. သူတို့ ပြောလိုက်တဲ့ စကားတစ်ခွန်းဟာ ငါ့ကို လှုပ်ခါ သွားစေခဲ့တယ်.။ တစ်ခါ တစ်ခါ ငါ့ဘေးမှာ အားပေးဖော် အပေါင်းအသင်းတွေ ရှိနေပေမယ့်. တစ်ခါ တစ်ခါ ငါတစ်ယောက်တည်း ဝမ်းနည်း နေရတတ်တယ်.။ တစ်ခါ တစ်ခါ ငါ ဟပ်ဟပ် ပတ်ပတ် ရယ်ခဲ့ရ ဖူးသလို တစ်ခါ တစ်ခါ ရင်ကွဲမတတ် ငိုခဲ့ရဖူးတယ်.။ တစ်ခါ တစ်ခါသော နေ့ရက်တွေကို ဖြတ်ကျော် ရင်းနဲ့ပဲ ငါဟာ . . . . .




Jan 14, 2010

ကျွန်တော်ခံယူထားတဲ့ အရောင်



အနီရောင် အချစ်ရဲ့ သင်္ကေတ မိုက်ရူးရဲဆန်တဲ့ သဘောရှိတယ်.။
အပြာရောင် သစ္စာတရားရဲ့ သင်္ကေတ တည်ကြည်ခြင်းလို့ သဘောရောက်တယ်.။
အစိမ်းရောင် မေတ္တာ တရားရဲ့ သင်္ကေတ အေးမြခြင်းကို ဖော်ဆောင်တယ်.။
အဖြူရောင် ဖြူစင်ခြင်းရဲ့ သင်္ကေတ နုညံ့မှုကို ရည်ညွှန်းတယ်.။
အနက်ရောင် တင်းမာမှုရဲ့ သင်္ကေတ အတ္တကို ဖော်ဆောင်တယ်.။
အနီနဲ့ အပြာနဲ့ ပေါင်းရင် ခရမ်းရောင် ရသလို
အချစ်နဲ့ သစ္စာကို ပေါင်းခဲ့ရင် တည်မြဲမှုကို ရနိုင်တယ်.။
အနီနဲ့ အစိမ်းနဲ့ ပေါင်းခဲ့ရင် အ၀ါရောင် ရလာသလို
အချစ်နဲ့ မေတ္တာကို ပေါင်းခဲ့ရင် ပျော်စရာတွေ ရလာမှာပါ.။
အနီနဲ့ အဖြူကို ပေါင်းစပ်ခဲ့ရင် ပန်းရောင် ရသလိုပဲ
အချစ်နဲ့ ဖြူစင်မှုကို ပေါင်းခဲ့ရင် နွေးထွေးမှုတွေ ရလာနိုင်တယ်.။
အနီနဲ့ အနက်နဲ့ ပေါင်းခဲ့ရင် ကြက်သွေးရင့်ရင့်ကို မြင်ရသလိုပဲ
အချစ်နဲ့ အတ္တကို ပေါင်းခဲ့ရင် အမျက်ဆိုတဲ့ နာကြည်းမှုတွေ ရတတ်ပါတယ်.။

Jan 10, 2010

ပေးဆပ်အချစ်

အတွေးတွေ နယ်ချဲ့
လေနှင်ရာ လွင့်မျောနေတဲ့
တိမ်တွေကို ငေးမောမိတဲ့ငါ....

နေပူကျဲကျဲမှာ
ခြေဗလာ ထီးမပါ
လျှောက်သွားနေတဲ့ သူရူးတစ်ယောက်လို
ငါ့လည်း မင်းကြောင့် အချစ်ရူးတစ်ယောက်
ဖြစ်နေရပြီကွာ.။

ရေစီးကို ဆန်တက်နေတဲ့
ပင်လယ်ငါးတစ်ကောင်လို
ငါ့အချစ်ကို ငြင်းဆန်နေတဲ့
မင်းရဲ့နှလုံးသားကိုမှ ရယူချင်နေမိတယ်.။

အချစ်နဲ့ စစ်မှာ
မတရားတာ မရှိဘူးဆိုတဲ့ စကားပုံလို
မင်းအချစ်ကို ရူးရူးမိုက်မိုက် တောင်းခံမိတဲ့ငါ့အချစ်ကို
ပေးဆပ်အချစ်ဟာ
မြင့်မြတ်ပါတယ်ဆိုတဲ့ မင်းရဲ့ ဆန့်ကျင်ဘက်အမြင်နဲ့
ငါ့ရဲ့ အချစ်ကိုတော့ မစော်ကားလိုက်ပါနဲ့ကွာ.။

အချစ်ကြီးလို့ အရှုံးကြီးရှုံးနေတဲ့ငါ
မင်းယုံကြည့်ထားတဲ့ မြင့်မြတ်တဲ့အချစ်တွေနဲ့
ငါ့နှလုံးသားကို စတေးလို့
ပေးဆပ်ရင်းနဲ့.........ငါ...မင်းကိုချစ်နေမယ်.။




Jan 8, 2010

ရန်ကုန် ၆ လ

ရန်ကုန်မှာ မနေခဲ့ဘူးတဲ့ ကျွန်တော် သင်တန်း တက်ဖို့အတွက် (၆) လ ရန်ကုန်မှာ လာနေရတယ်လေဗျာ. အခုဆို (၄) လပြည့်တော့မယ်.။ ထူးထူး ခြားခြား ဒီနေ့နံနက် ကားစီးတာ စပယ်ယာက ပိုက်ဆံမယူဘူးဗျ.။ ၁၀၀၀ိ/-တန် ပေးလိုက်တော့. သူ့မှာ အကြွေအမ်းစရာ မရှိဘူးတဲ့..။ အင်း.. ဒီနေ့ တော့ အမြတ်ရလိုက်တယ်ဗျို့.. အရင်ကဆို ၅၀ိ/-ခရီး ၁၀၀ိ/- တန် ၂၀၀ိ/-တန် ပေးမိရင် သူတို့က ပြန်မအမ်း တော့ဘူးဗျ.။ ပြန် မအမ်းလို့လဲ သူ့တို့ကို ပြောရဘူး ဆရာရေ့ မဟုတ်ရင် လူကြား သူကြား အအော်ခံရမှာ.။ မှတ်တိုင် ဆင်းခါနီးရင်လည်း နောက်တစ်မှတ်တိုင် ဆင်းမှာမို့ ဒီမှတ်တိုင် အရပ်မှာ ကား တံခါးဝ သွားများ မရပ်လိုက်နဲ့ လူကို ဆွဲများ လုပ်တော့မဲ့ အတိုင်းပဲ အအော် ခံရမယ်.။ ဒါကြောင့် အမြဲတမ်း မှတ်တိုင် ရောက်ခါနီးမှ အပေါက်ကို ၀ရုန်းသုံးကား တိုးဝှေ့ထွက်ရတယ်.။ ဆင်းပြန်တော့လည်း နောက်မကျလိုက်နဲ့ နည်းနည်းလေးများ နှေးနှေး နှေးနှေးလုပ်မိလို့ကတော့ ကားပေါ်က ကန်ချခံရမယ် သာမှတ်.။ အင်း.. မလွယ်ပါလားနော်.။  :( 




Jan 6, 2010

၇.၁.၁၀ ရက်နေ့ပို့စ်

အခုတလော ဘလော့မှာကို စာမရေးဖြစ်ဘူးဗျာ... ထူးထူးခြားခြား မအားတာ မဟုတ်ပေမယ့် ကျောင်းစာလေးလုပ်နေတော့ (အထင် ကြီးသွားတယ် မဟုတ်လား) ဘလော့အတွက် စာရေးဖို့ မစဉ်းစားနိုင်ဘူး ဖြစ်နေတာ.။ ဒါပေမယ့်. သူငယ်ချင်းတွေရဲ့ ဘလော့ကိုတော့ သွားဖတ် ဖြစ်ပါတယ်.။ တော်တော် လေးလဲ အကျိုးရှိတယ်ဗျ..။ ကိုဏီလင်းညို ဘလော့ကို သွားတော့ သူနေတဲ့ မလေးရှားရဲ့ နေရာတွေကို ရောက်ဖူးတယ်.။ (လေယာဉ်ခ မကုန်တော့ဘူးပေါ့)။ ကိုဖိုးထိန် ဘလော့ကိုသွားတော့ မုံရွာမြို့ကို ရောက်တယ် (ထမင်းတော့ ကျွေးဘူးဗျ..၊ သူ့အိမ်ကိုလည်း ခေါ်ဘူး.. လူဆိုး)။ နေရာတွေကို နှံ့လို့ပဲ.။ အင်း... အော်. ရေးရင်းနဲ့ ဘာဆက် ရေးလို့ ရေးရမှန်း သိတော့ဘူး.။ ဒီလောက်လေးပဲ ရေးလိုက်တော့မယ်နော့..။ ဟဲ. ဟဲ.. :) အင်း. စာတော့ ရေးလို့ပြီးသွားပြီ ခေါင်းစဉ်က ဘာတက်လို့ တက်ရမှန်းမသိ. မထူးပါဘူး ဒီနေ့ရေးတာဆိုတော့ ဒီနေ့ရေးတဲ့ပို့စ်လို့ပဲ တက်လိုက်တာပေါ့ ဟုတ်ဘူးလား. အင်းဒါလဲ ဖြစ်တာပါပဲနော့..။

အားလုံးကို ခင်မင်လျက်ပါ...ဗျာ.

ကာရံမဲ့

Jan 2, 2010

ပန်းကာရံ

ဝင့်ကြွားဟန်လှ သူထင်ပြဖို့
ဖူးငုံဘ၀ သူစခဲ့ပြီ....။
မြင်သူစွဲမက် ခူးယူစွပ်ဖို့
တင့်စွာကြွကြွ သူပွင့်ခဲ့ပြီ..။
မွှေးရနံ့သင်း ထုံပျံ့သင်းလို့
သူ့ဂုဏ်သတင်း ကျော်စောခဲ့ပြီ..။
အချိန်တာကာလ ကုန်ကာရောက်တော့
ပွင့်ဖတ်လွှာတို့ ရော်ဝါခဲ့ပြီ..။
အော်... မြေမခပန်း ဘယ်မှာရှိအံ့နည်း...။



CBox

About Me

My photo
လူတွေထဲက လူဆိုပေမယ့် လူအများစုနဲ့ ကွဲပြားနေပါတယ်.။ ဆန့်ကျင်တဲ့ အမြင်တွေ မရှိပေမယ့် ဆန့်ကျင်ဘက် ဘ၀နဲ့..........