Jan 19, 2012

ကျွန်တော်၏ လိုအပ်ချက်သာ...

ကျွန်တော် သိတတ်စအရွယ်မှစ၍ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်သည့် ကျွန်တော် ကောင်းမှုကုသိုလ် အလှူအတမ်းတွေ ပြုလုပ်ခဲ့ပါသည်။ ထိုသို့ လှူဒါန်း ခဲ့ရာတွင် အမှန်တကယ် အကူအညီ လိုအပ်သည့်နေရာ၊ တကယ့်ကို ကူညီသင့်သည့် နေရာ ဖြစ်ခဲ့သည်က ရှားသည်။ ကျွန်တော်အနေဖြင့် ကိုယ်ကောင်းရာမွန်ရာရောက်ဖို့ ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဘုရားတွင် လှူသည် ဘုန်းကြီးကျောင်းများတွင် လှူသည်.။ ဒုက္ခရောက်နေသူ၊ အမှန်တကယ် အကူအညီလိုနေသူများကို လှူဖို့ မစဉ်းစားမိခဲ့.။

ကျွန်တော်... လူမှုရေးအကူအညီပေးသည့် အဖွဲ့အစည်းများကို အားကျသည်.။ စိတ်ရင်းဖြင့် ဂုဏ်ယူမိသည်။ ထိုကဲ့သို့သော အဖွဲ့အစည်းများ များစွာလိုလားသည်. ကျွန်တော်ကိုယ်တိုင်လည်း ပါဝင်ခွင့်ရချင်သည်.။ ကျွန်တော်ကိုယ် ကျွန်တော် အားမရသည်က ကျွန်တော် ဘာကြောင့်များ ဒီလိုအဖွဲ့အစည်းတွေမှာ မပါဝင်နိုင်သည်ကိုပင်.။ အချိန်မရှိလို့လားဆိုရအောင် အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်နေတဲ့ ကျွန်တော် အဲလောက်အလုပ်ရှုပ်သူမဟုတ်.။ ကကယ်တော့ ကျွန်တော်ကိုယ်တိုင်က စိတ်အားမထက်သန်လို့များလား.?

Oct 19, 2011

Blogger Favorite

Celebrity Favorite မှာ ပြောခွင့်မရှိပေမယ့် ကိုယ့်ရဲ့ Blog မှာတော့ ကိုယ့် Favorite တွေကို ပြောခွင့်ရှိပါတယ်နော်.။ ဟဲဟဲ.. ဒါဆိုစပြီနော်.
အားလုံးပဲမင်္ဂလာပါဗျာ.. ဟုတ်ကဲ့.. ကျွန်တော် ငယ်ငယ်က ဘာတွေ ကြိုက်ခဲ့တယ်ဆိုတာကိုတော့ မမှတ်မိတော့ဘူးဗျ... အကြိုက်တွေက အမြဲတမ်း ပြောင်းလဲနေတယ်ဆိုတော့လေ.. အခုလက်တလောတော့ အစားအစာဆိုရင် ဟင်းသီးဟင်းရွက်တွေကိုပဲ စားဖြစ်နေတယ်.. (ကြိုက်၍တော့မဟုတ်ပါ. ငွေရေးကြေးရေး အခြေအနေကြောင့်သာ) အသားတွေ စားချင်စိတ်မရှိဘူး... ထမင်းစားပြီးတိုင်းတော့ အသီးတစ်ခုခု စားဖြစ်တယ်ဗျ (စိတ်ကူးထဲတွင်..) ကျွန်တော်က ထမင်းစားရတာထက် အဲလို အသီးတွေ စားရတာ ပိုကြိုက်တယ်.။ မနက်စာဆိုရင် ပေါင်မုန့်နဲ့ ကြက်ဥကြော်ရယ်. ကော်ဖီရယ်. ဒါပဲစားဖြစ်တယ်.. သူငယ်ချင်းတွေနဲ့ အပြင်သွားဖြစ်တယ် ဆိုရင်တော့ Season က ချိစ့်ပေါင်မုန့်နဲ့ သီးစုံဒိန်ချဉ် အမြဲသောက်ဖြစ်တယ်. (ဈေးအနည်းဆုံး ဖြစ်ပါသဖြင့်) ကျွန်တော် ကြိုက်တယ်ဗျ.။
Cosmetics တွေဆိုရင် NIVEA Set လိုက် သုံးဖြစ်တယ်. ကျွန်တော် အသားအရေနဲ့ အဆင်ပြေတယ်ဗျ. ပြီးတော့ အနံ့ကိုလဲ ကြိုက်တယ်. (စကားလှအောင် ရေးသားခြင်း ဖြစ်ပါသည်.။ အမှန်မှာ တန်းဖိုးအားဖြင့် သင့်လျော်ခြင်း ကြောင့်သာ ဖြစ်ပါသည်။).. ရေးမွှေးကတော့ Rico အစိမ်းကို စွတ်ဖြစ်နေတယ်. အနံ့လေးက တော်တော် အဆင်ပြေတယ်. လူကို Fresh ဖြစ်စေတယ်. နောက်ပြီတော့ L’afair.. ဒီကောင်ကတော့ သူငယ်ချင်း တစ်ယောက် မွေးနေ့လက်ဆောင်ပေးထာတာ. ဒါကိုလည်း ကြိုက်ပါတယ်. ဒါပေမယ် သူက Fresh ဖြစ်တဲ့ အနံ့ တော့မဟုတ်ဘူးဗျ… ခေါင်းလိမ်းဆီကတော့ CODE 10 Moisturising ကို သုံးဖြစ်တယ်..
အသုံးအဆောင် ပစ္စည်းတွေကို ပြောရမယ်ဆိုရင် ကျွန်တော်က Electronic ပစ္စည်းတွေကို သဘောကျတယ်.. ပထမဆုံး ပြောရမယ်ဆိုရင် SONY DSC-W310 Digital Camera အိန္ဒိယရောက်တုန်းက ဝယ်ခဲ့တာ. ဒီကောင်းလေက ကျွန်တော် ခရီး သွားရင်ပဲ ဖြစ်ဖြစ်.. သူငယ်ချင်းတွေနဲ့ လျှောက်လည်ရင်ပဲ ဖြစ်ဖြစ်.. အိမ်မှာ တစ်ယောက်တည်း ပျင်းနေရင်ပဲ ဖြစ်ဖြစ် ဒီကောင်းလေးက မရှိမဖြစ်ပဲ. ကျွန်တော့ရဲ့ Favorite အဖြစ်ဆုံးပစ္စည်းပေါ့ဗျာ. နောက်တစ်ခုက ကျွန်တော့ရဲ့ ဒီ Laptop လေး… Lenovo 3000 G430.. ဒီအထဲမှာဆို ကျွန်တော ရိုက်ခဲ့သမျှ ဓာတ်ပုံတွေ. ကျွန်တော် ကြိုက်တဲ့ သီချင်းတွေ ရုပ်ရှင်တွေ အားလုံးထည့်ထားတယ်. ပျင်းရင် ဖွင့်ပြီး တစ်နေ့လုံး ဒါလေးနဲ့ပဲ အဖော်ပြု ဖြစ်တယ်.။ နောက်တစ်ခုကတော့ ဖုန်းပါ. Acer beTouch E120 မော်ဒယ်. ဒီကောင်က ကျွန်တော် ထိုင်းနိုင်ငံရောက်တုန်းက ဝယ်ဖြစ်ခဲ့တာ.. (ထိုင်းဆိုပြီး အထင်မကြီး လိုက်ပါနှင့် ရွာသာသာ ရှိသော နယ်စပ်မြို့ ရနောင်းကို ပြောခြင်း ဖြစ်ပါသည်။) Android 2.1 ၊ သုံးရတာ အရမ်းအဆင်ပြေတယ်. လိုင်းဆွဲအားလည်း ကောင်းတယ်.. သီချင်း နားထောင် ရတာလဲ အဆင်ပြေတယ်.. ကျွန်တော်မှာ မရှိသေးဘူး.. အရမ်းလိုချင်နေတဲ့ ပစ္စည်းကတော့ Lenovo Tablet K1.. ကျွန်တော် အရမ်း လိုချင်နေတယ်.. ဝယ်ဖို့ ပိုက်ဆံ မလောက်သေးဘူးဖြစ်နေလို့.. ဘယ်လို ကြံရမလဲ ဆိုတာကိုပဲ စဉ်းစား နေတယ်.
အဝတ်အစား နဲ့ပတ်သက်ရင်တော့ ထွေထွေထူးထူး မရှိဘူးဗျ. ရုံးသွားရတာ များတော့ စတစ်အဖြူနဲ့ ပုဆိုပဲ ဝတ်တာများတယ်။ ဖိနပ်ဆိုရင်လဲ ကတ္တီပါ ဖိနပ်ပဲ စီးဖြစ်တယ်.။ တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ့ အပြင် ထွက်ဖြစ်ရင်တော့ ပေါ့ပေါ့ပါးပါး စတိုင်ကိုပဲ ဝတ်ဖြစ်တယ်. Accessories ကို ပြောရမယ်ဆိုရင် နာရီ. လက်တလော ပတ်ဖြစ်နေတာကတော့ DM ပါ. ကျွန်တော်နဲ့ လိုက်တယ်ပြောတာနဲ့ မလဲဖြစ်သေးတာ.။ (မဟုတ်ပါ. အသစ် မဝယ် နိုင်းသေး၍သာ.) နောက်တစ်ခုကတော့ မျက်မှန်. ပါဝါရော နေကာရော တပ်ရတယ်. ရုံးသွားရင်ပဲ ဖြစ်ဖြစ် လျှောက်လည်ရင်ပဲ ဖြစ်ဖြစ် ဒီကောင့်ကို မတပ်လို့မဖြစ်ဘူး.။
အခုဆို ကျွန်တော် အကြိုက်တွေ ဖော်ပြပေးသွားတာ တော်တော်လဲ စုံသွားပြီ ဖြစ်လို့ အားလုံးလဲ ကျေနပ် ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်.။ အားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်းရင်း ကျွန်တော်ရဲ့ Blogger Favorite Post လေးကို ဒီတင်ပဲ အဆုံးသတ်ပါရစေခင်ဗျာ. အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ…

Oct 6, 2011

ပျော်အောင်နေပါ


ဖြစ်ပြီးသမျှ ပြန်ပြင်လို့မရသလို အနာဂတ်ကိုလည်း ဖန်တီးလို့မှမရနိုင်တဲ့အတွက် လက်ရှိ ပစ္စုပ္ပန် မှာပဲ ကောင်းအောင်နေရင် ဖြစ်ပါတယ်။ ဘာကိုမှ စိတ်ညစ်မနေဘဲ စိတ်ကို အရှင်းဆုံးနဲ့ အဖြူစင်ဆုံး ထားလိုက်နိုင်ရင် ဘဝဟာ သာယာပျော်ရွှင်နိုင်မှာ အသေချာပါပဲ။

--
Karyanmelt

Feb 11, 2010

သာမန် ၁၄ ရက်နေ့

သေဆုံးပြီးတဲ့ အချစ်တွေဟာ ပြန်လည် ရှင်သန်ဖို့ ခက်ခဲတာလား.။ ဒါမှ မဟုတ် ချစ်ခဲ့ဖူးတဲ့ အချစ်ကို မေ့လို့မရနိုင်တာလား.။ သေချာ ရေရာတဲ့ အဖြေကို မသိ ပေမယ့်.. ချစ်ခဲ့သူ တစ်ယောက် အကြောင်းကို တွေးမိတိုင်း ဒီရင်ဘက်ကြီးက ဘာမှန်းမသိတဲ့ ခံစားချက် တစ်ခုကို ခံစားမိနေတယ်.။ မဖြစ်နိုင်တာ သိသိကြီးနဲ့ မျှော်လင့်မိတဲ့ ကျွန်တော်ရဲ့ ရူးမိုက်မှု....။ တစ်ခါ တစ်ခါ ကိုယ့်ကိုယ်ကိုယ် ပြန်မေးရင်း အတွေးတွေနဲ့ လမ်းဆွေး နေတဲ့ ကျွန်တော်.။ ဒီလိုနဲ့ပဲ ကျွန်တော်အဖို့ ဖေဖော်ဝါရီ ၁၄ ဆိုတာ သာမန် နေ့လေး တစ်နေ့ကို ကုန်ဆုံးသွားမှာပါပဲလေ.။

Jan 22, 2010

တစ်ခါတစ်ခါ

အပြောင်းအလဲ များစွာ တွေ့ကြုံနေရတဲ့ လောကကြီးကို တစ်ခါ တစ်ခါ စိတ်ပျက် လာမိတယ်.။ မထင်မှတ်တဲ့ အဖြစ်တွေ.. မထင်မှတ်တဲ့ တွေ့ဆုံမှုတွေဟာ တည်ငြိမ်နေတဲ့ ငါ့ဘဝကို လှုပ်ခါစေခဲ့တာ...။ တစ်ခါ တစ်ခါ ကိုယ်ပြော လိုက်တဲ့ စကား တစ်ခွန်းအတွက် သူများ ရင်မှာ ခံစားမှု တစ်ခု ဖြစ်သွားစေခဲ့ သလိုပဲ. သူတို့ ပြောလိုက်တဲ့ စကားတစ်ခွန်းဟာ ငါ့ကို လှုပ်ခါ သွားစေခဲ့တယ်.။ တစ်ခါ တစ်ခါ ငါ့ဘေးမှာ အားပေးဖော် အပေါင်းအသင်းတွေ ရှိနေပေမယ့်. တစ်ခါ တစ်ခါ ငါတစ်ယောက်တည်း ဝမ်းနည်း နေရတတ်တယ်.။ တစ်ခါ တစ်ခါ ငါ ဟပ်ဟပ် ပတ်ပတ် ရယ်ခဲ့ရ ဖူးသလို တစ်ခါ တစ်ခါ ရင်ကွဲမတတ် ငိုခဲ့ရဖူးတယ်.။ တစ်ခါ တစ်ခါသော နေ့ရက်တွေကို ဖြတ်ကျော် ရင်းနဲ့ပဲ ငါဟာ . . . . .




Jan 14, 2010

ကျွန်တော်ခံယူထားတဲ့ အရောင်



အနီရောင် အချစ်ရဲ့ သင်္ကေတ မိုက်ရူးရဲဆန်တဲ့ သဘောရှိတယ်.။
အပြာရောင် သစ္စာတရားရဲ့ သင်္ကေတ တည်ကြည်ခြင်းလို့ သဘောရောက်တယ်.။
အစိမ်းရောင် မေတ္တာ တရားရဲ့ သင်္ကေတ အေးမြခြင်းကို ဖော်ဆောင်တယ်.။
အဖြူရောင် ဖြူစင်ခြင်းရဲ့ သင်္ကေတ နုညံ့မှုကို ရည်ညွှန်းတယ်.။
အနက်ရောင် တင်းမာမှုရဲ့ သင်္ကေတ အတ္တကို ဖော်ဆောင်တယ်.။
အနီနဲ့ အပြာနဲ့ ပေါင်းရင် ခရမ်းရောင် ရသလို
အချစ်နဲ့ သစ္စာကို ပေါင်းခဲ့ရင် တည်မြဲမှုကို ရနိုင်တယ်.။
အနီနဲ့ အစိမ်းနဲ့ ပေါင်းခဲ့ရင် အ၀ါရောင် ရလာသလို
အချစ်နဲ့ မေတ္တာကို ပေါင်းခဲ့ရင် ပျော်စရာတွေ ရလာမှာပါ.။
အနီနဲ့ အဖြူကို ပေါင်းစပ်ခဲ့ရင် ပန်းရောင် ရသလိုပဲ
အချစ်နဲ့ ဖြူစင်မှုကို ပေါင်းခဲ့ရင် နွေးထွေးမှုတွေ ရလာနိုင်တယ်.။
အနီနဲ့ အနက်နဲ့ ပေါင်းခဲ့ရင် ကြက်သွေးရင့်ရင့်ကို မြင်ရသလိုပဲ
အချစ်နဲ့ အတ္တကို ပေါင်းခဲ့ရင် အမျက်ဆိုတဲ့ နာကြည်းမှုတွေ ရတတ်ပါတယ်.။

Jan 10, 2010

ပေးဆပ်အချစ်

အတွေးတွေ နယ်ချဲ့
လေနှင်ရာ လွင့်မျောနေတဲ့
တိမ်တွေကို ငေးမောမိတဲ့ငါ....

နေပူကျဲကျဲမှာ
ခြေဗလာ ထီးမပါ
လျှောက်သွားနေတဲ့ သူရူးတစ်ယောက်လို
ငါ့လည်း မင်းကြောင့် အချစ်ရူးတစ်ယောက်
ဖြစ်နေရပြီကွာ.။

ရေစီးကို ဆန်တက်နေတဲ့
ပင်လယ်ငါးတစ်ကောင်လို
ငါ့အချစ်ကို ငြင်းဆန်နေတဲ့
မင်းရဲ့နှလုံးသားကိုမှ ရယူချင်နေမိတယ်.။

အချစ်နဲ့ စစ်မှာ
မတရားတာ မရှိဘူးဆိုတဲ့ စကားပုံလို
မင်းအချစ်ကို ရူးရူးမိုက်မိုက် တောင်းခံမိတဲ့ငါ့အချစ်ကို
ပေးဆပ်အချစ်ဟာ
မြင့်မြတ်ပါတယ်ဆိုတဲ့ မင်းရဲ့ ဆန့်ကျင်ဘက်အမြင်နဲ့
ငါ့ရဲ့ အချစ်ကိုတော့ မစော်ကားလိုက်ပါနဲ့ကွာ.။

အချစ်ကြီးလို့ အရှုံးကြီးရှုံးနေတဲ့ငါ
မင်းယုံကြည့်ထားတဲ့ မြင့်မြတ်တဲ့အချစ်တွေနဲ့
ငါ့နှလုံးသားကို စတေးလို့
ပေးဆပ်ရင်းနဲ့.........ငါ...မင်းကိုချစ်နေမယ်.။




Jan 8, 2010

ရန်ကုန် ၆ လ

ရန်ကုန်မှာ မနေခဲ့ဘူးတဲ့ ကျွန်တော် သင်တန်း တက်ဖို့အတွက် (၆) လ ရန်ကုန်မှာ လာနေရတယ်လေဗျာ. အခုဆို (၄) လပြည့်တော့မယ်.။ ထူးထူး ခြားခြား ဒီနေ့နံနက် ကားစီးတာ စပယ်ယာက ပိုက်ဆံမယူဘူးဗျ.။ ၁၀၀၀ိ/-တန် ပေးလိုက်တော့. သူ့မှာ အကြွေအမ်းစရာ မရှိဘူးတဲ့..။ အင်း.. ဒီနေ့ တော့ အမြတ်ရလိုက်တယ်ဗျို့.. အရင်ကဆို ၅၀ိ/-ခရီး ၁၀၀ိ/- တန် ၂၀၀ိ/-တန် ပေးမိရင် သူတို့က ပြန်မအမ်း တော့ဘူးဗျ.။ ပြန် မအမ်းလို့လဲ သူ့တို့ကို ပြောရဘူး ဆရာရေ့ မဟုတ်ရင် လူကြား သူကြား အအော်ခံရမှာ.။ မှတ်တိုင် ဆင်းခါနီးရင်လည်း နောက်တစ်မှတ်တိုင် ဆင်းမှာမို့ ဒီမှတ်တိုင် အရပ်မှာ ကား တံခါးဝ သွားများ မရပ်လိုက်နဲ့ လူကို ဆွဲများ လုပ်တော့မဲ့ အတိုင်းပဲ အအော် ခံရမယ်.။ ဒါကြောင့် အမြဲတမ်း မှတ်တိုင် ရောက်ခါနီးမှ အပေါက်ကို ၀ရုန်းသုံးကား တိုးဝှေ့ထွက်ရတယ်.။ ဆင်းပြန်တော့လည်း နောက်မကျလိုက်နဲ့ နည်းနည်းလေးများ နှေးနှေး နှေးနှေးလုပ်မိလို့ကတော့ ကားပေါ်က ကန်ချခံရမယ် သာမှတ်.။ အင်း.. မလွယ်ပါလားနော်.။  :( 




Jan 6, 2010

၇.၁.၁၀ ရက်နေ့ပို့စ်

အခုတလော ဘလော့မှာကို စာမရေးဖြစ်ဘူးဗျာ... ထူးထူးခြားခြား မအားတာ မဟုတ်ပေမယ့် ကျောင်းစာလေးလုပ်နေတော့ (အထင် ကြီးသွားတယ် မဟုတ်လား) ဘလော့အတွက် စာရေးဖို့ မစဉ်းစားနိုင်ဘူး ဖြစ်နေတာ.။ ဒါပေမယ့်. သူငယ်ချင်းတွေရဲ့ ဘလော့ကိုတော့ သွားဖတ် ဖြစ်ပါတယ်.။ တော်တော် လေးလဲ အကျိုးရှိတယ်ဗျ..။ ကိုဏီလင်းညို ဘလော့ကို သွားတော့ သူနေတဲ့ မလေးရှားရဲ့ နေရာတွေကို ရောက်ဖူးတယ်.။ (လေယာဉ်ခ မကုန်တော့ဘူးပေါ့)။ ကိုဖိုးထိန် ဘလော့ကိုသွားတော့ မုံရွာမြို့ကို ရောက်တယ် (ထမင်းတော့ ကျွေးဘူးဗျ..၊ သူ့အိမ်ကိုလည်း ခေါ်ဘူး.. လူဆိုး)။ နေရာတွေကို နှံ့လို့ပဲ.။ အင်း... အော်. ရေးရင်းနဲ့ ဘာဆက် ရေးလို့ ရေးရမှန်း သိတော့ဘူး.။ ဒီလောက်လေးပဲ ရေးလိုက်တော့မယ်နော့..။ ဟဲ. ဟဲ.. :) အင်း. စာတော့ ရေးလို့ပြီးသွားပြီ ခေါင်းစဉ်က ဘာတက်လို့ တက်ရမှန်းမသိ. မထူးပါဘူး ဒီနေ့ရေးတာဆိုတော့ ဒီနေ့ရေးတဲ့ပို့စ်လို့ပဲ တက်လိုက်တာပေါ့ ဟုတ်ဘူးလား. အင်းဒါလဲ ဖြစ်တာပါပဲနော့..။

အားလုံးကို ခင်မင်လျက်ပါ...ဗျာ.

ကာရံမဲ့

Jan 2, 2010

ပန်းကာရံ

ဝင့်ကြွားဟန်လှ သူထင်ပြဖို့
ဖူးငုံဘ၀ သူစခဲ့ပြီ....။
မြင်သူစွဲမက် ခူးယူစွပ်ဖို့
တင့်စွာကြွကြွ သူပွင့်ခဲ့ပြီ..။
မွှေးရနံ့သင်း ထုံပျံ့သင်းလို့
သူ့ဂုဏ်သတင်း ကျော်စောခဲ့ပြီ..။
အချိန်တာကာလ ကုန်ကာရောက်တော့
ပွင့်ဖတ်လွှာတို့ ရော်ဝါခဲ့ပြီ..။
အော်... မြေမခပန်း ဘယ်မှာရှိအံ့နည်း...။



Dec 31, 2009

နှစ်သစ် ၂၀၁၀

နှစ်ဟောင်းကို စွန့်ခွာလို့ နှစ်သစ်ကိုရောက်တော့မယ်
ပြက္ခဒိန်တွေလည်း ဟောင်းလို့ ဂဏန်းတွေလဲပြောင်းကုန်ပြီ
အသစ်တွေပြန်စ ခြေလမ်းတွေ အပြတ်ကြွလို့
နှစ်သစ်ကို စိတ်သစ်နဲ့ လှမ်းပါ့စို့................

``နှစ် သစ် မှာ အား လုံး ပဲ ပျော် ရွှင် ပါ စေ....´´
" H a p p y N e w Y e a r , 2 0 1 0 "




Dec 30, 2009

ကာရံမဲ့ချစ်သူ

ကိုယ့်ရဲ့ ဂရုစိုက်မှုဟာ မင်းအတွက် အနှောင့်အယှက်များဖြစ်နေလားကွာ..။ ဝေးဝေးက လှမ်းကြည့်နေယုံနဲ့ ကျေနပ်နေသူ တစ်ယောက်ကိုတောင် မင်းစိတ်ထဲမှာ အနှောင့်အယှက်ဖြစ်နေမယ် ဆိုရင် မင်းမြင်ကွင်းရဲ့ မမြင်ကွယ်ရာမှာ ပုန်းရှောင်ပေးနေပါ့မယ်.။ ငါ့ရဲ့ နွေးထွေးတဲ့ နှလုံးသားဟာ မင်းရဲ့ အေးစက်တဲ့ အကြည့်တွေကြောင့် ရုတ်တရက် အက်ကွက်သွားတယ်.။ မင်းရဲ့ အပြုံးတွေကို ပျက်သုံးစေတဲ့ ငါ့ရဲ့ အချစ်တွေအတွက် .. ``ငါ...... တောင်းပန်ပါတယ်ကွာ´´




Dec 28, 2009

ကာရဲ့မဲ့ခဲ့သော အချစ်

အချစ်ဆိုတာ ဖန်တီးယူလို့မရဘူးတဲ့.... ကိုယ်ကိုယ်တိုင် ခံယူထားတဲ့ အမှန်တရား တစ်ခုပါ.။ ဖန်တီးယူလို့ မရသလို မေ့ပျောက်ဖို့လဲ မလွယ်ကူလှဘူးဗျာ.။ မထင်မှတ်တဲ့ ဆုံတွေမှုတွေက မထင်မှတ်တဲ့ အမှတ်တရတွေ ဖြစ်ခဲ့ပြီးတဲ့ နောက်ပိုင်း မင်းရဲ့ ပုံရိပ်တွေ ငါ့စိတ်မှာ အမြဲတမ်း လွှမ်းမိုးနေခဲ့တာ..။ အမှတ်တမဲ့ ခိုဝင်လာတဲ့ မင်းရဲ့ ယုယမှုတွေ.၊ မင်းရဲ့ အပြုံးတွေ .။ လူတိုင်းအပေါ် အနိုင်ယူတတ်တဲ့ ငါ့ရဲ့စိတ်ကို မင်းအနိုင်ယူလို့ ငါ့ကို ဒူးထောက် ခစားစေခဲ့တယ်.။

မုန်တိုင်း ထန်ပြီးရင် လေပြေတွေ လာတတ်တယ်တဲ့... လူတွေ ပြောကြတယ်.။ ဒါပေမယ့် မုန်းတိုင်း တွေကြောင့် ပျက်စီး သွားတဲ့ ဆုံးရှုံးမှုတွေကို ဘယ်လို ဖြေသိမ့်မလဲ..။ လေပြေတွေနဲ့ ငြိမ်သက်သွားတဲ့ အချိန်တွေ ကြာခဲ့တာတောင် ငါတို့ရဲ့ ဆုံးရှုံးမှုတွေဟာ အသားမကျ ခဲ့သေးဘူးကွား...။ ဒဏ်ရာဆိုတာ ပျောက်သွား ခဲ့ရင်တောင် အမာရွတ်လေး ကျန်တတ်တာ ငါသိသလို ငါ့တို့ နှစ်ယောက်ကြားက ဒဏ်ရာတွေ ဟာလည်း အမာရွတ်တွေ ထင်ကျန်နေတော့...။ အမာရွတ်ဆိုတာ ဒဏ်ရာဖြစ်စေတဲ့ အကြောင်းကို ပြန်ဖော်ပေးတဲ့ ဗီဒီယို မှတ်တမ်းတစ်ခု ဆိုရင် အဲဒီ မှတ်တမ်းခွေလေး ပျက်စီး သွားရင် ကောင်းမယ်.။ အရင်ကလို ပြန်မဖြစ်နိုင် တော့ရင်တောင် အမုန်းမရှိတဲ့ မင်းရဲ့ အဖြူသက်သက် အပြုံးတွေကို ငါမျှော်လင့်မိတယ်.။

ငါသာ မင်းကို ပြောခွင့်ရှိအုံးမယ်ဆိုရင်...........
``........ချစ်တယ်ကွာ.......´´




Dec 26, 2009

ကာရံမဲ့ အိပ်မက်


အလိုလိုကျဆင်းလာတဲ့ မျက်ရည်တွေကို ငါမထိန်းချုပ်နိုင်ခဲ့ဘူး..။ အခန်းကျဉ်းလေးတစ်ခုက ထောင့်တစ်နေရာမှာ ထိုင်နေရင်း. ပြတင်း တံခါး တစ်ပေါက်ကို ငါဦးတည် ငေးမောနေမိတယ်.။ ညင်သာစွာ တိုးဝင်လာတဲ့ လေနုအေးက ငါ့ကိုပြောသွားတယ်.. ....ဝမ်းနည်းနေလားတဲ့.... ။

အကြိမ်ကြိမ် ကြားယောင်နေမိတဲ့ မင်းရဲ့အသံ. အကြိမ်ကြိမ် မြင်ယောင်နေမိတဲ့ မင်းပုံရိပ်တွေ ငါမေ့ပျောက်ဖို့ အချိန်တန်ပြီထင်တယ်.။ အကြိမ်ကြိမ် ငါကြိုးစားခဲ့ပေမယ့် ရေပြင်ပေါ် အရုပ်ရေးဆွဲသလိုပဲ အရာမထင်ခဲ့ဘူးကွာ..။ အရင်က မင်းပေးခဲ့တဲ့ အမှတ်တမဲ့တွေက အခုတော့ ငါ့အတွက် အမှတ်တရတွေ ဖြစ်နေတာ မင်းဘက်ကရော နားလည်ပေးနိုင်ပါ့မလား..။ ထားလိုက်ပါတော့လေ.... အရာရာ မတည်မြဲတတ်တဲ့ လောကကြီးမှာ မတည်မြဲမှုကို ကြုံတွေ့ရမှာမို့ ရဲရဲကြီး ရင်ဆိုင်ရမှာပဲ. . . . . .။

သက်ပြင်းတစ်ချက် ရှုရှိက်ပြီး.. ငါ့ခန္ဓာ ထလိုက်တဲ့အချိန် ငါ့ကိုယ်ပေါ်က ရုန်းထွက်သွားတဲ့ စာအိတ်တစ်အိတ်.. ငါငုံ့မကြည့်ချင်ဘူး.။ ငါမျက်နှာလွဲကျောခိုင်းခဲ့ပေမယ့် ငါ့ရင်ထဲမှာ လိုက်လာခဲ့တယ်.. အလွမ်းတွေ...။ ဖြေးညှင်းစွာ လျှောက်လှမ်းလာခဲ့တဲ့ ငါ့ခြေထောက်တွေ ဘယ်ကို ဦးတည်နေခဲ့တာလဲ.။ ငါမြင်နေရတယ် အလင်းတန်းလေးတစ်ခု...... ဆူးရှတောက်ပလျက်................. ငါ့မျက်လုံးအစုံဖွင့်...... အိပ်ယာမှ နိုးထခဲ့ပြီ...............။




Dec 25, 2009

ကာရံမဲ့ သင်ခန်းစာ



မသိတတ်သေးတဲ့ နှလုံးသားကို လှုပ်နှိုးလို့
ကဗျာတွေ ရေးတတ်အောင် သင်ပေးခဲ့တယ်...။

မခံစားတတ်သေးတဲ့ နှလုံးသားကို လှုပ်နှိုးလို့
အချစ်တွေကို ခံစားစေခဲ့တယ်...။

အမှတ်တရတွေ မရှိသေးတဲ့ နှလုံးသားကို
အမှတ်တရတွေ ပေးစွမ်းခဲ့တယ်.။

သတိမရတတ်တဲ့ ငါ့ရဲ့အကျင့်ကို
သတိရအောင် ပြောင်းလဲပေးခဲ့တယ်.။

အရာအားလုံးကို သင်ပေးခဲ့တဲ့မင်းက
ငါ့ရဲ့အဝေးကိုထွက်ခွာပြီး နောက်ဆုံးသင်ခန်းစာ
အလွမ်းဆိုတာကို သင်ကြားပေးခဲ့တာလားကွာ.....။

Dec 24, 2009

Merry Christmas!!


ငွေအစင်းရောင် မြူနှင်းဝေတဲ့
ဒီဇင်ဘာလရဲ့ ၂၅ ရက်အချိန် ညချမ်း
ရောင်စုံမီးတို့ ဆင်ရင်ထားတဲ့
ထင်းရှုးပင်ထိပ်က လင်းလက်နေတဲ့ ကြယ်လေးတစ်ပွင့်
တေးသံသာတို့ ဟစ်ကျူး ပျော်မြူးနေတဲ့ လူတွေ
သူသူ ငါငါ အပြုံးပန်းပွင့်နေတဲ့ မျက်နှာများဖြင့်
ဒီညလေးတစ်ည ကုန်ဆုံးစေသား.......

"Merry Christmas to you all....!!!"

Dec 18, 2009

ကာရံမဲ့ နှလုံးသား

ဟန်ဆောင်အပြုံးတုနဲ့
မင်းရဲ့ အချစ်တွေကို ငါဖမ်းစားနိုင်ခဲ့ပေမယ့်
မင်းရင်ထဲက အချစ်စစ်တွေကို ငါမမြင်နိုင်ခဲ့ဘူး..။
ငါ့ရဲ့ အပြုံးတွေ စစ်မှန်လာတဲ့အချိန်
မင်းရဲ့ အချစ်တွေကို ငါမြင်နိုင်ခဲ့ပေမယ့်
မင်းရဲ့ အကြည့်တွေ အေးစက်လာသလိုပဲ.။
ကိုယ်ကိုယ်တိုင် မသိလောက်အောင်
ကျိုးနွံခဲ့တဲ့ ငါ့ရဲ့နှလုံးသားတစ်ခု
နောက်ထပ် အချစ်ကို မမြင်တွေ့နိုင်တော့တဲ့အချိန်မှာ.....
ကာရံမလှတဲ့ အဆုံးသတ်နဲ့...........

Dec 16, 2009

ကာရံမဲ့

ကာရံမဲ့ ရောက်ရှိလာတဲ့ လောကဒဏ် စီးချက်တွေအတိုင်း ကာရံညီ လိုက်ကရင်း ဘ၀ကို ဖျက်သန်းလျက်ပါ.. စီးချက်တွေအတိုင်း မှန်ကန်တဲ့ ကကွက်တွေကို ဖန်တီးနိုင်ခဲ့သလို စီးချက်တွေအတိုင်း မလိုက်နိုင်တဲ့အခါ ငါ့ဘ၀ ကကွက်တွေ ရိန်းယိုင်သွားခဲ့ဖူးပါတယ်.။ ဘယ်လိုပဲ ရိန်းယိုင်သွားပါစေ တချို့ကကွက်တွေကို လဲမကျအောင် ငါထိန်းခဲ့ပါတယ်.. ဒါပေမယ့်.. တစ်ခုပါပဲ. ငါမထိန်းနိုင်ခဲ့ဘူး................. ပြန်မထနိုင်လောက်အောင် ငါလဲကျသွားခဲ့ပြီ...................။ ငါ့ရဲ့ဘ၀ကြီး ကာရံမဲ့သွားခဲ့ပြီပဲ.................။

CBox

About Me

My photo
လူတွေထဲက လူဆိုပေမယ့် လူအများစုနဲ့ ကွဲပြားနေပါတယ်.။ ဆန့်ကျင်တဲ့ အမြင်တွေ မရှိပေမယ့် ဆန့်ကျင်ဘက် ဘ၀နဲ့..........